ဒီနေ့ ကျွန်တော် သွားဆေးခန်းသွားပြရတယ်။ သွားတစ်ချောင်းက ပဲ့သွားလို့လေ။ ဒီမှာက သွားဆေးခန်းကို ဗမာပြည်မှာလို သွားတာနဲ့ တန်းစီပြီး တန်းဝင်လို့မရဘူး။ ဘာလို့လည်းဆိုတော့ တန်းကသိပ်ရှည်လွန်းနေတော့ ကြိုတင်ပြီး စာရင်းပေးထားရတယ်။ ရုံးချိန်လည်းလွတ်အောင် ရုံးချိန်နဲ့လွတ်တဲ့ အချိန်ကို လိုချင်တော့ တစ်ပတ် စောင့်လိုက်ရတယ်။ သွားလုပ်ရမယ့်နေ့ ဒီနေ့နေ့လည်လောက်မှာ ဆေးခန်းက ဖုန်းဆက်ပြီး သတိပေးတယ်လေ။ သတိမေ့ပြီး မသွားမိရင် နောက်အစက ပြန်ပြီးတန်းစီရမှာရယ်၊ မလာဖြစ်ရင် တစ်ခြားလူနာကို အခွင့်အရေးပေးလို့ရတာရယ်၊ နောက်ပြီး ဆေးခန်း မှာတစ်ယောက်က စာရင်းပေးပြီးမှ မလာရင် ဆေးခန်းဝင်ငွေ နစ်နာနိုင်တာကြောင့် ဒီလို သတိပေးတဲ့ ကိစ္စဟာ သုံးဦးသုံးဖလှယ် အတွက် သိပ်ကောင်းတဲ့ ကိစ္စပါ။ အဲဒီလိုဖုန်းဆက်လာတုန်းက သူက ကျွန်တော်နဲ့ ချိတ်ထားတဲ့ အချိန် ၇ နာရီ ၁၅ ထက်စောအောင်လာနိုင်မလားတဲ့။ ပုံစံကြည့်ရတာ ကိုယ့်အရင်လူက မလာနိုင်တော့ဘူး ဖြစ်သွားလို့နေမှာပေါ့။ ဒါနဲ့ ၇ နာရီရောက်အောင် လာပါ့မယ် ဆိုပြီး ပြောလိုက်တယ်။ ပြီးတော့ ချိန်းထားတဲ့ အတိုင်း ၇ နာရီရောက်အောင် ရုံးကနေ ပြန်ရတာပေါ့။ ပုံမှန်ပြန်နေကြအတိုင်း မာရီယို ဆိုတဲ့ ဖိလစ်ပီနို ဆိုက် အင်ဂျင်နီယာ အဖို...